အရာရာတို့ရှုံးနိမ်နေကြတဲ့ ငါတို့ဟာ
စက်ခေါင်းမဲ့ရထားတွေပေါ့
သံချေးတက်သံလမ်းတွေနဲ့အတူ
မျဉ်းပြိုင်နေတဲ့“ဘ၀”ဆိုတဲ့ဘူတာကို
ဘယ်လိုခုတ်မောင်းရမှာလဲ...
ခြောက်သွေ့လှတဲ့တောအုပ်ကိုဖြတ်မောင်းခဲ့ရင်
ပူလောင်နေမှာပဲ...
အတောင်တွေဆုံနေပေမယ့် မပျံနိုင်ကြတဲ့ငါတို့ဟာ
ကြိုးမဲ့လေတံခွန်တွေပေါ့
စည်းလွတ်ဝါးလွတ်တိုက်ခဲ့တဲ့ လေကြမ်းတွေနဲ့အတူ
လေစုန်မျောသွားခဲ့ရင်
အမြင့်ဘယ်ရောက်နိုင်မှာလဲ...
တက်ကြွနေတဲ့ ငါတို့ရဲ့ စိတ်တွေဟာ
တစ်စုံတစ်ရာရဲ့ ထိန်းကြားခြင်း ခံနေရသလိုပါပဲ...
“လွတ်မြောက်ခြင်း”သီချင်းတွေဆိုတဲ့ညက
ကောင်းကင်ကကြယ်တွေ အကုန်ကြွေတယ်
စကြာဝဠာရဲ့နံရံတွေဟာ ငါတို့အသံကြောင့်
အက်ကွဲကုန်ပြီထင်ပါရဲ့
အဲဒီည(ကြယ်တွေမရှိတဲ့ည)မှာပဲ
ငါတို့အားလုံးမှောင်မိုက်သွားကြတယ်...
ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ်ပိုင်ဆိုင်ချင်ကြတယ်
မွန်းကြပ်ခြင်း၊ငတ်မွတ်ခြင်း
လှုပ်ရှားခြင်း၊ရုံးကန်ခြင်း
အဲဒီ...ခြင်းတွေရဲ့ရှေ့မှာ
ငါတို့ရပ်နေကြတယ်...
ငါတို့ဟာ အစွမ်းထက်လှတဲ့
မုဆိုးမအိမ်ကဓါးတွေပေါ့
နှစ်ချို့နေတဲ့“သံချေးတက်” သီအိုရီတွေကြားမှာ
ဘ၀ဆိုတဲ့အရာကို ကွန်ပြူတာနဲ့ အဖြေရှာနေကြတယ်
အဲဒီအဖြေကိုစောင့်စားရင်း ငါတို့အားလုံးသေဆုံးခဲ့ရင်
ငါတို့အားလုံးရဲ့အဖြေဟာ ကွန်ပြူတာထဲမှာမရှိပါဘူး
ပြောလိုက်မယ်ဟေ့“ရှာကြ”တန်ဖိုးရှိတဲ့စက္ကူရွက်တွေထဲမှာ
ငါတို့ဘ၀ရှိနေကြတယ်
ယုံကြည်မှုမဲ့နေတဲ့ ငါတို့...ငါတို့ဟာ
အံ့သြခြင်းများနဲ့ တုန်ရီနေကြတယ်...
အသက်ငင်နေကြတဲ့ ဗိုင်းရပ်စ်တွေဟာ
ငါတို့ကို “လူညံ့”“လူအ”တွေတဲ့...
သူတို့ဟာ ငါတို့ရဲ့အသွေးအသားတွေနဲ့
အသက်ရှင်ရပ်တည်နေရတာတဲ့
ငါတို့အားလုံး အသက်ရှင်ရပ်တည်ဖို့လိုအပ်နေတဲ့
အသွေးအသားတွေဟာ ပစိဖိတ်သမုဒ္ဒရာရဲ့
ကြမ်းပြင်အောက်က အသားစားငါးမန်းကြီးတွေရဲ့
ပါးစပ်ထဲမှာပါတဲ့...
အဲဒါကို မယူနိုင်လို့ ဗိုင်းရပ်စ်တွေက
“လူညံ့”တဲ့ ငါ့ကို
“အချစ်”သူနဲ့တွေ့ရင်
ငါတို့အားလုံးနူးနူးညံ့ညံ့နဲ့ပြင်းထန်စွာ
တုန်လှုပ်တတ်ကြတယ်
ဒိုင်ဂျက်ရှင်းစက်တပ်ယာဉ်ရဲ့
ဆိုဖာကူရှင်ပေါ်မှာထိုင်
ငါတို့ရဲ့သွေး
ငါတို့ကျေးဇူးရှင်တွေရဲ့ချွေး
အဲဒါတွေရောစပ်ထားတဲ့
ဘီယာဘူးဖေါက်သံတွေဟာ
ငါတို့အားလုံးရဲ့ရင်ခုန်သံပဲပေါ့
အဲဒီရင်ခုန်သံကိုခံစားရင်း
ငါတို့အားလုံးဟာ ဒိုင်ဂျက်ရှင်း ယာဉ်ကြီးကို
စီနင်းလိုက်ပါနေလေရဲ့...
ပြည့်တန်ဆာမရဲ့ ငိုရှိုက်သံဟာ
ကမ္ဘာပေါ်မှာရယ်စရာကောင်းနေခဲ့ရင်
ငါတို့အားလုံးရဲ့ရယ်မောသံတွေဟာ
ဝမ်းနည်းသံတွေပါနေတတ်တယ်..
ပေါက်စဉ်မဲ့ ထီလက်မှတ်တွေကို
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ
ငါတို့ ကံစမ်းနေကြတယ်...
ငါတို့ရဲ့ သိက္ခာတရားတွေဟာ
“ဟစ်တလာ”ရဲ့ထိုင်ခုံပေါ်မှာလား
ငြိမ်သက်စွာ မြွေတစ်ကောင်အလား
လဲလျှောင်းနေရှာရဲ့...
“ဟေ့”လိုက်ရဲရင် လိုက်ခဲ့စမ်း
ငါတို့အားလုံးရဲ့စိန်ခေါ်သံ
ငါတို့ရဲ့ ထာဝရ “မြေ”
ငါတို့ရဲ့ ထာဝရ “နေ”
အားလုံး ထာဝရရှိတဲ့
ငါတို့ရဲ့မြို့ဟောင်းကြီးကိုလည်း
လိုက်ရဲကြရဲ့လား...
သစ္စာမရှိ၊မေတ္တာမရှိ
စည်းစိမ်ချမ်းသာမရှိ၊ဆင်းရဲတာမရှိ
စစ်ဆိုတာမရှိ၊ငြိမ်းချမ်းရေးလဲမရှိ
တစ်ခုပဲရှိတယ်ဟေ့
“အဇ္ဈတ္တ”ရဲ့ ငတ်မွတ်ခြင်းတွေ
တစ်ပွေ့တစ်ပိုက်နဲ့
ခြောက်ပေခြောက်လက္မရှိတဲ့ သေတ္တာရှိရာ
သေတွင်းသွားတဲ့သင်္ချိုင်းလေ...
ကမ္ဘာပေါ်မှာအကျော်ကြားဆုံးသီအိုရီတွေ
ထုတ်ခဲ့ကြာတာ ငါတို့ပဲ
အအောင်မြင်ဆုံးသီချင်းတွေ
စပ်ဆိုခဲ့ကြတာ ငါတို့ပဲ
အရဲရင့်ဆုံးစစ်သူကြီးတွေ
မွေးဖွားပေးတာ ငါတို့ပဲ...
ငါတို့မှာ
ငါတို့ရဲ့ “အတွင်းရေး”တွေ ရှိတယ်...
အဇ္ဈတ္တတွေကွဲထွက်
ဆန့်တန်းတဲ့လက်တွေကျိုး
အသံထွက်တူရိယာတွေ နှုတ်ဆိတ်နေကြချိန်
တန်ဖိုးအထားဆုံး အ၀တ်စမြောနေချိန်မှာ
ငါတို့ရဲ့ဦးခေါင်းတွေ
ကောင်းကင်ကြီးနဲ့ အကြည့်ခြင်း ပြိုင်နေလေရဲ့
အဆီပြန်နေတဲ့မျက်နှာ
စက်ဆီပေနေတဲ့လက်တွေရဲ့ပိုင်ရှင်ဟာ
ငါတို့အားလုံးရဲ့ကျေးဇူးရှင်တွေပေါ့
ငါတို့ရဲ့ပြဌာန်းစာအုပ်တွေဟာ
ဂန္တ၀င်မြောက်သမိုင်းတွေဖြစ်တယ်
နပိုလီယန်တို့ ရွမ်းမဲလ်တို့ပါသလို
ချာလီချက်ပလင်တို့ ဗန်ဂိုးတို့လဲ ပါတာပဲ
ငါတို့ရဲ့ ကျေးဇူးရှင်တွေကတော့
ပြဌာန်းစာအုပ်ရဲ့
“အမှားပြင်ဆင်ချက်”ဖြစ်နေလေရဲ့......
ကျနော်ရဲ့ကဗျာနန်တော်
0 comments:
Post a Comment